INSPIRATION (လှုံ့ဆော်မှု)
၂၀၂၁ နှစ်ဆန်းပိုင်းလောက်တုန်းက Facebook လိုင်းပေါ်မှာ ချင်းတိုင်းရင်းသူ ဖြူဖြူချောချောလေးတွေရဲပုံလေးတွေတက်လာလို သေချာကြည့်မိတယ်။ တိုင်းရင်းသူဝတ်စုံနဲ့ တော်တော် ကြည့်လို့ကောင်းတယ် ဒါပေမဲ့ မျက်နှာပေါ်မှာ မှင်အနက်ကောက်ကြောင်းတွေနဲ့ pattern အမျိုးမျိုး ဆွဲထားကြလို့ ပထမတော့ မကြိုက်သလို တစ်မျိုးကြီးဖြစ်နေပေမယ့် နောက်တော့ မျက်နှာဖြူဖြူဖွေးဖွေးပေါ် အမဲရောင်ကောက်ကြောင်းတွေက ကြည့်လို့ကောင်းတာပဲဆိုပြီး သဘောကျတာနဲ့ saveထားလိုက်တယ်။ရံဖန်ရန်ခါ ပါးရဲထိုးထားတဲ့ချင်းတိုင်းရင်းသားပုံတွေ ပြန်ကြည့်မိတယ်။
TASTE(အရသာ)
၂၀၂၃ ကျနော့ရဲ့’The Sign Of Humor’ တစ်ကိုယ်တော်ပြပွဲပြီးတဲ့နောက်ပိုင်း ရံဖန်ရံခါ အဲ့ဒီ ချင်းအမျိုးသမီးတွေရဲ့မျက်နှာပေါ် အနက်ကောက်ကြောင်းနဲ့ ရေးချယ်သလိုမျိုး ပန်းချီကားပေါ် မှာ portraitတွေ စမ်းသပ်ရေးဆွဲကြည့်မိတယ်၊ ကြိုက်သလိုလို မကြိုက်သလိုလို၊ အရသာရှိသလိုလို မရှိသလိုလိုနဲ့ ပေါ့။ချင်းအမျိုးသမီးတွေ ပါးရဲ ထိုးကြတဲ့အခါ အဓိပ္ပါယ်အမျိုးမျိုးရှိကြပေမဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊လူ့ဂုဏ်သိက္ခါ အတွက် ငွေကြေးချမ်းသာသူ၊အာဏာပါဝါရှိသူ ရမ်းကားသူ တို့၏အန္တရာယ်မှ ကာကွယ်ရန်အနေနဲ မျက်နှာပေါ်မှာပါးရဲ သို့မဟုတ် ပါးမဲ ထိုးကြတယ်ဆိုတဲ့အဓိပ္ပါယ်ကိုကျနော်ပိုသဘောကျတယ်။ကျနော် line portrait တွေဆွဲတဲ့အခါ ချင်းအမျိုးသမီးတွေရဲ့မျက်နှာပေါ်က pattern တွေဆွဲသလိုမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ ခန္ဓာကိုယ်ပေါ်မှာကျနေတဲ့ အလင်းအမှောင်ကိုအခြေခံပြီး အရေပြားအောက်က ဟန်ချက်ညီညီ စီးဆင်းနေတဲ့ သွေးတွေလိုမျိုး မှန်းဆပြီးရေးဆွဲထားခြင်းဖြစ်ပါတယ်။အနုပညာနဲ့ပတ်သက်ပြီး ကျနော့ဆန္ဒက ကိုယ်ပိုင်အနုပညာ နည်းလမ်းအသစ်တစ်ခုကိုတီထွင်ပြီးကျနော်တို့ခေတ်ရဲ့ နိုင်ငံရေး ၊လူမှုရေး ၊ကမ္ဘာ့အရေး ယဉ်ကျေးမှု၊အနုပညာ အပြောင်းအလဲတွေ ၊ မြင်တွေ့ခံစားရတာတွေကို အသိဥာဏ်တည်ဆောက်ပြီးရေးဆွဲချင်တာပါ။
ကျနော် ဖန်တီးတဲ့SUPREME LINE abstract portrait တွေကို အရသာရှိတဲ့အခါဆွဲလိုက် အရသာမတွေ့တဲ့အခါ ရပ်ထားလိုက်နဲ့ ဖြည်းဖြည်းပဲသွားနေတယ်။အဲ့ဒီလိုသွားနေရင်း တစ်ရက်မှာ ရုတ်တရက် ကျနော်ဖတ်ဖူးတဲ့ ပီကာဆိုပြောတဲ့ “ taste is the chief enemy of creativeness““ အရသာသည်တီထွင်ဖန်တီးမှု၏အဓိကရန်သူဖြစ်တယ်” တယ်ဆိုတဲ့စကား သွားသတိရတော့ art making မှာလဲ အရသာနဲ့မသွားပဲ အသိနဲ့ သွားရမယ်ဆိုတာသဘောပေါက်လိုက်တယ်။ အဲ့ဒီကျမှ Supreme Line စီရီးကို ယုံကြည်မှုရရှိပြီး ဖန်တီးတဲ့အခါကျတော့လည်း အရသာသစ် ရရှိပြီး ဖြောင့်ဖြောင့်တန်းတန်းဖန်တီးနိုင်တော့တယ်။ပီကာဆိုပြောတဲ့ “အရသာသည် တီထွင်ဖန်းတီးမှု၏အဓိကရန်သူဖြစ်တယ်”ဆိုတဲ့အဓိပ္ပါယ်က “တည်ထောင်ထားတဲ့(သို့မဟုတ်)လူကြိုက်များတဲ့အရသာဟာ လိုက်လျောညီထွေဖြစ်စေတဲ့အနုပညာမှာ စစ်မှန်သော မူလအစနှင့် ဆန်းသစ်တီထွင်မှုကို ဟန့်တားနိုင်တယ်။ ယေဘူယျအားဖြင့် "ကောင်းသည်" သို့မဟုတ် အလှတရားအရ နှစ်သက်ဖွယ်ဟု ယူဆသောအရာကို ဦးစားပေးခြင်းဖြင့်၊ အနုပညာရှင်များသည် သူတို့ကိုယ်သူတို့ ခန့်မှန်းနိုင်သော ပုံစံများကို ကန့်သတ်နိုင်ပြီး စစ်မှန်သော စိတ်ကူးသစ်များကို စူးစမ်းနိုင်စွမ်း ဆုံးရှုံးသွားနိုင်ပါတယ်။ဒါကြောင့်အရသာဟောင်းတွေဟာ အသစ်တီထွင်ဖန်တီးမှုကို ဟန့်တားနိုင်ပါတယ်။ဒီအသိကိုရလိုက်တာကိုက ကျနော့အတွက် Liberation ရလိုက်တယ်လို့ဆိုရမလား..။
မြတ်ကျော့
7 June, 2025